CV Form တစ်ရွက်တည်းနဲ့ အလုပ်တွေ လိုက်လျှောက်နေတုန်းလား?

အလုပ်လျှောက်တဲ့အခါ CV Form တင်ရုံသီးသန့်နဲ့ အလုပ်ရတဲ့ခေတ်ကကျန်ခဲ့ပါပြီ။ အလုပ်လျှောက်တဲ့သူ များလာတာနဲ့အမျှ အလုပ်ရှင်တွေအနေနဲ့ အသင့်တော်ဆုံးဝန်ထမ်းကို ရွေးချယ်ဖို့ ပိုပြီးစဉ်းစားရလာပါပြီ။ ဒီနေ့မှာတော့ အလုပ်လျှောက်တဲ့အခါ သူများတွေထက်နှာတစ်ဖျားသာစေမယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဆက်ဖတ်ကြည့်လိုက်ရအောင်လား။

များသောအားဖြင့် အလုပ်လျှောက်တဲ့အခါ CV Form တင်ပြီးပြီးသွားကြတာများပါတယ်။ လူပေါင်းများစွာ လျှောက်တဲ့အလုပ်မှာ ကိုယ်နဲ့အရည်အချင်းတူနေတဲ့သူတွေလည်း အများကြီးရှိမှာသေချာပါတယ်။ အလုပ်ရှင်တွေဘက်က ပိုလေးနက်မှုရှိတဲ့သူကို ရွေးချယ်မှာအမှန်ပါပဲ။ ကိုယ့်ရဲ့လေးနက်မှုကို သေချာဖော်ပြချင်ရင် CV Form တင်မကပဲ နောက်တစ်ခုပါ ထည့်ပေးသင့်ပါတယ်။ အဲ့ဒါကတော့ “Cover Letter” ပဲဖြစ်ပါတယ်။

Cover Letter ဆိုတာဘာလဲ

အလုပ်လျှောက်စာတင်တဲ့အခါမှာ CV Form ကအနှစ်ဖြစ်မယ်ဆို Cover Letter ကအကာပါပဲ။ Cover Letter ဆိုတာကတော့ CV Form နဲ့တွဲတင်ပေးရတဲ့ ကိုယ့်အကြောင်းမိတ်ဆက်ပြီး ဘာလို့ကိုယ့်ကိုခန့်သင့်သလဲဆိုတာကို ပါးပါးပုတ်ပြီးရေးပေးရတဲ့ စာတစ်စောင်ပါပဲ။ သူ့ကို အင်္ဂလိပ်လို “Motivation Letter” လို့လည်းခေါ်ပါသေးတယ်။ “Motivation” ဆိုတာ “စိတ်ပါဝင်စားမှု” လို့အဓိပ္ပာယ်ရပါတယ်။ ဆိုတော့ Cover Letter က ကိုယ်စိတ်ပါဝင်စားမှုကို လေးလေးနက်နက် ရေးထားတဲ့စာတစ်စောင်ပါပဲ။

Cover Letter နဲ့ CV နဲ့ဘာတွေကွာတာလဲ

CV Form ကတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ စုစည်းထားတဲ့ဖောင်တစ်ခုပါ။ ဆိုလိုရင်းကတော့ စိတ်ခံစားချက်တွေ ထည့်ရေးလို့မရဘူးပေါ့။ ကိုယ့်ရဲ့ ယေဘုယျအကြောင်းအရာတွေရယ်၊ ကိုယ့်မှာရှိတဲ့အတွေ့အကြုံ၊ အရည်အချင်းတွေကို အချက်အလက်အနေနဲ့ ရေးရပါတယ်။ Cover Letter ကတော့ Essay လိုမျိုး စာစီစာကုံး ရေးရပါတယ်။ အချက်အလက်လိုမဟုတ်ပဲ စာကြောင်းတွေနဲ့ ရေးရတာပါ။ စာထဲမှာ စိတ်ခံစားချက်တွေ (ဥပမာ ဒီအလုပ်ကို ဘယ်လို့သဘောကျကြောင်း၊ ဘယ်လောက်တောင် အလုပ်လိုချင်ကြောင်း) ထည့်ရေးလို့ရပါတယ်။ သတိထားရမှာက CV ရော Cover Letter ရောကို စည်းကမ်းရှိရှိ Formal ဆန်ဆန်ရေးဖို့လိုပါတယ်နော်။

Cover Letter ထဲဘာတွေထည့်ရေးရမလဲ

အပေါ်မှာရှင်းပြထားသလိုပဲ အဓိကကတော့ CV Form ထဲမှာ အချက်အလက်လိုပဲရေးထားတဲ့ ကိုယ့် Background အကြောင်းအရာတွေကို စာစီစာကုံးအနေနဲ့ ရေးပေးရပါတယ်။ ဥပမာ ကိုယ့်အရင်အလုပ်မှာ ဘယ်လိုတာဝန်တွေကို ဘယ်လိုထမ်းဆောင်ခဲ့တယ်၊ ကျောင်းမှာတုန်းက ဘယ်လို Extracurricular Activities တွေလုပ်ခဲ့တယ်ဆိုတာမျိုးကို ထိထိမိမိ Highlight လုပ်ရေးပေးရပါမယ်။ နောက်တစ်ခုကတော့ ဘာလို့ကိုယ့်ကိုခန့်သင့်သလဲဆိုတာပါ။ ဒီနေရာမှာ “ကျွန်ုပ်ကဒီအလုပ်ကိုကြိုက်လို့ပါ။” ဆိုတာလောက်လေးနဲ့မရပါဘူး။ ဒီကုမ္ပဏီ၊ ဒီအဖွဲ့အစည်းကို ဘယ်ထဲကစသိခဲ့ပါတယ်၊ ကျွန်ုပ်မှာ အရင်ကဒီလိုလုပ်ငန်းအတွေ့အကြုံရှိဖူးပါတယ်၊ အဲ့ဒါမလို့ ဒီလုပ်ငန်း၊ ဒီရာထူးနဲ့ဆို ကိုက်ညီမယ်လို့ထင်ပါတယ်။အစရှိသဖြင့် အကြောင်းအရာတွေကို ယဉ်ယဉ်ကျေးကျေးရေးပေးရမှာဖြစ်ပါတယ်။

Cover Letter ရေးနည်းပုံစံကရော

လုပ်ငန်းရှင်တွေ၊ HR Manager တွေအနေနဲ့ အလုပ်လျှောက်စာပေါင်း သောင်းခြောက်ထောင်ကို အကြာကြီး အချိန်ပေးဖတ်နေရမှာ သေချာပါတယ်။ တအားရှည်လျားတဲ့ CV Form တွေ Cover Letter တွေကို စိတ်ကုန်နေမှာပါ။ အရေးကြီးတာက ကျစ်လျစ်သိပ်သည်းဖို့ပါ။ Cover Letter ကိုများသောအားဖြင့် စာပိုဒ် (၃) ပိုဒ်ခန့်ရေးသားကြပါတယ်။ စာလုံးရေအားဖြင့်တော့ (၂၅၀) ကနေ (၄၀၀) လောက်အထိ စာမျက်နှာတစ်မျက်နှာစာ ရေးလေ့ရှိပါတယ်။ အဓိကကတော့ ပြောချင်တာကိုထိထိမိမိနဲ့ ကျစ်ကျစ်လျစ်လျစ်လေးရေးဖို့ပါပဲ။

တခြား Tips & Tricks တွေကရော

နောက်ဆုံးအနေနဲ့ Bonus အချက်လေးတွေပြောပြပေးပါမယ်။ Cover Letter ရေးတဲ့အခါမှာ အပေါ်ကလိုရေးတဲ့အပြင် အကယ်၍ ကိုယ့်မှာ သူတို့ကုမ္ပဏီမှာ လက်ရှိလုပ်နေတဲ့အသိရှိရင် သူ့ဆီကနေ Refer ဖြစ်ကြောင်းထည့်ရေးပေးပါ။ မထည့်ရေးခင် အဲ့ဒီပုဂ္ဂိုလ်ကို အရင်ခွင့်တောင်းဖို့တော့မမေ့ပါနဲ့နော်။ ဒါ့အပြင်နောက်တစ်ခုက သူတို့လုပ်ငန်းရဲ့ အရင်ကလုပ်ဖူးတဲ့ပွဲ၊ Project တစ်ခုခုကို လေ့လာပြီး ဘယ်လောက် Inspired ဖြစ်သွားကြောင်းပြောပါ။ နောက်ဆုံးတစ်ခုကတော့ အနာဂတ်မှာ ဘယ်လို Project တွေ၊ ပွဲတွေကို လုပ်ချင်ကြောင်းထည့်ရေးပေးရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

ဒါကတော့ သူများထက်အလုပ်ရနှုန်းပိုများစေမယ့် Cover Letter အကြောင်းပဲဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းက ၈၀% လောက်အရေးပါပါတယ်။ သို့ပေမယ့် အရည်အချင်းတူနေရင် ကျန်တဲ့ ၂၀% က CV, Cover Letter နဲ့ Interview အဆင့်တွေမှာ အဆုံးအဖြတ်ပေးသွားမှာပါ။

.#Arr_Thit_Man_Group

#Cover_Letter

#အလုပ်လျှောက်လွှာ

#အလုပ်ခေါ်စာ